ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေမည့် အလှအပရေးရာနည်းလမ်းများ
27-Feb-2017၁။ မတ်မတ်ရပ်ပါ၊ မတ်မတ်ထိုင်ပါ
ဦးနှောက်က သင်ဘယ်လို ခံစားနေရသလဲဆိုတာ သိစေဖို့ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းကို အဆက်မပြတ် စစ်ဆေးနေပါတယ်။ သင့်ကိုယ်ဟန်က မတ်နေရင် သင့်ဦးနှောက်ဆီကိုပို့တဲ့ သတင်းအချက်အလက်က စိတ်ခံစားမှုကောင်းမွန်တယ် ဆိုတာပဲဖြစ်ပါတယ်။ ထိုင်ခုံပေါ်ထိုင်တဲ့အခါ လျှောမထိုင်ဘဲ မတ်မတ်ထိုင်ပါ။ ပခုံးတွေကို နောက်ဘက်ပို့ပြီး ရင်အုံကိုဖွင့်ထားရင် သင့်ကိုပိုမို အရပ်ရှည်စေပြီး ခန္ဓာကိုယ်ကို ပိုမိုသွယ်လျစေကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေပါတယ်။
၂။ ကျေးဇူးတင်စကားဆိုပါ
သင့်အသွင်အပြင်နဲ့ ပတ်သက်ပြီး လှပကြောင်း ချီးကျူးစကားပြောတဲ့အခါ ကျေးဇူး တင်စကား ဆိုပါ။ ကျေးဇူးတင်စကား ဆိုတဲ့အတွက် သင့်အနေနဲ့ စိတ်ခံစားချက် ပိုမိုကောင်းမွန်လာပြီး ပိုမိုပျော်ရွှင်ကာ စိတ်ကြည်နူးမှု ရရှိစေပါတယ်။
၃။ ကိုယ့်ကိုယ်ကိုယ်လှပကြောင်း အသိအမှတ်ပြုပါ။
ကိုယ့်ကိုယ်ကိုယ် လှပတယ်ဆိုတာကို ယုံကြည်မှုမရှိတဲ့ သူတွေက အလှမှေးမှိန် တတ်ပါတယ်။ မနက်ခင်း အလှပြင်ချိန်မှာ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လှပတယ်လို့ တစ်မိနစ်လောက် တွေးတောလိုက်ပါ။ လောကမှာ ရုပ်ဆိုးအကျည်းတန်တယ်ဆိုတာ မရှိပါဘူး။ လူတိုင်း ကိုယ့်စတိုင်နဲ့ကိုယ် ကြည့်ကေင်းနေကြပါတယ်။
၄။ မျက်နှာပေါ်မှာ အပြုံးကိုဆင်မြန်းပါ။
ပြုံးနေတဲ့မျက်နှာက အရယ်မရှိတဲ့ မျက်နှာထက်ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ အပြုံးပန်းတစ်ပွင့်က မျက်လုံးနဲ့ နှုတ်ခမ်းတစ်ဝိုက် ကြွက်သားတွေကို မြှင့်တင်ပေးနိုင် တဲ့အတွက် ပိုမိုနုပျိုကြည့်ကောင်းတဲ့ အသွင်အပြင်ကို ရရှိစေပါတယ်။ အပြုံးကြောင့် မျက်နှာကြွက်သားတွေကို ဆွဲဆန့်ပေးတဲ့အတွက် စိတ်ခံစားမှုကို ချက်ချင်းကောင်းမွန် သွားစေပါတယ်။
၅။ ကြည့်ရှုဆန်းစစ်သူပဲဖြစ်ပါစေ၊ အကဲဖြတ်သူ မဖြစ်ပါစေနှင့်
မှန်ထဲမှာကြည့်တဲ့အခါ လှသလား၊ ရုပ်ဆိုးသလား၊ ကောင်းသလား၊ ဆိုးသလား ဆိုတာကို အကဲဖြတ်မနေပါနဲ့။ မျက်နှာပေါ်မှာ အမာရွတ်ရှိနေရင် ဒါက အတိတ်ကထိခိုက် ဒဏ်ရာကို ပြန်လည်မှတ်မိနိုင်တဲ့ အရာအဖြစ်သာ ရှုမြင်လိုက်ပါ။
၆။ ဝါသနာပါရာအားကစားလုပ်ဆောင်ပါ
သင်သဘောကျတဲ့ အားကစားကို လုပ်ဆောင်တာက မိတ်ဆွေအသစ် တိုးစေတဲ့ အပြင် မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပါတယ်။
၇။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။
လေ့ကျင့်ခန်းလုပ်ချိန်၊ အစာစားချိန်၊ အိပ်ချိန် စသဖြင့် သတ်မှတ်ပြီး ကိုယ့်ကိုယ် ကိုယ် ဂရုစိုက်သင့်ပါတယ်။ အစာစားတဲ့အခါ သစ်သီးဝလံများများ စားတာကြောင့် စွမ်းအင်ပိုမို ရရှိစေပြီး ကိုယ်အလေးချိန်ကို သွယ်လျလှပစေပါတယ်။
၈။ သက်သောင့်သက်သာဝတ်ဆင်ပါ
ခန္ဓာကိုယ်ရဲ့ မသက်မသာ ဝေဒနာတွေ ပြေလျော့စေဖို့အတွက် တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေကို ရှောင်ပါ။ တကယ်လို့ အရင်က ဝတ်ခဲ့တဲ့ အရွယ်အစားသေးတဲ့ အဝတ်အစားကို ဝတ်ဆင်မယ်ဆိုရင် ကျပ်လွန်းတာကြောင့် ဦးနှောက်ဆီကို တင်းကျပ်တဲ့ စိတ်ခံစားမှုကို အဆက်မပြတ်ပေးဖို့ကာ စိတ်ကျဉ်းကျပ် နေပါလိမ့်မယ်။ ဒီလိုဝတ် တာကြောင့် သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကို ပိုမိုသိသာစေပြီး ကြည့်မကောင်းတာ မျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အတွက် သက်သောင့်သက်သာရှိစေမယ့် အဝတ်အစားကိုပဲ ဝတ်ပါ။
၉။ မျက်နှာကိုကြည်လင်အောင်အသားအရေထိန်းပါ
မျက်နှာပေါ်က အဖုအပိမ့်တွေကို ရှင်းလင်းအောင် အသားအရေထိန်းသိမ်းပါ။ အသားအရေက လှပကြည့်ကောင်းနေရင် သင်ကလည်း လှပနေပါလိမ့်မယ်။
၁၀။ ရေများများသောက်ပါရေသောက်တာကြောင့် ခန္ဓာကိုယ်နဲ့ အသားအရေရှိ အဆိပ်အတောက်တွေကို ကင်းစင်သွားစေပြီး ရေဓာတ်ပြည့်ဝစေပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, April 2014, No.261, Pg. 113-116